Subscribe:

22 Nov 2011

ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း  ( သို့မဟုတ်)     ကဗျာဆရာလှသန်းကွယ်လွန်ခြင်း

၂၂.၁၀.၂၀၁၁ မှာ ကဗျာဆရာလှသန်း ကွယ်လွန်ခဲ့ပါတယ် ။ လက်မရွံ့ကဗျာဆရာ လို့
ခေါ်ကြတဲ့ ကဗျာဆရာလှသန်း ရဲ့ ရုပ်အလောင်းကို ၂၄.၁၀.၂၀၁၁ တွင် ရေဝေးသုသာန်မှာ
မီးသင်္ဂြိုဟ်ခဲ့ပါတယ် ။ ကဗျာစာပေအသိုင်းအ၀ိုင်းမှ ကိုလှသန်းရဲ့ ကဗျာညီအစ်ကို
မောင်နှမများ စုံစုံညီညီ တက်ရောက်ခဲ့ပါတယ် ။




























ကဗျာဆရာလှသန်း

-အမည်ရင်း လှသန်း၊ စစ်မှုထမ်း အီလက်ထရောနစ် ကျွမ်းကျင်သူနှင့်
စာမတတ် အမှတ်အသားကောင်း ခံစားမှုအားကြီးသူ မိခင်တို့မှ
၁၉၆၃ ခုနှစ်၊ ရန်ကုန်မြို့တွင် မွေးဖွား။
မွေးချင်း ၈ ယောက်အနက် ဒုတိယမြောက်သား ။

-ငယ်စဉ်ကစ၍ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ပန်းချီဆွဲခြင်း၊
ဂစ်တာတီးခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့နှင့် အရသာတွေ့ခဲ့။
အသက်မွေးဝမ်းကျောင်း အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း ကဗျာဖတ်ခြင်း၊
ကဗျာရေးခြင်းအလုပ်ကို မိမိဘ၀၏ တစ်သက်တာ အလုပ်အဖြစ် ခံယူထား။

-၂၀၀၀ ပြည့်နှစ်တွင် စာသင်ပြသူတစ်ဦးနှင့် နှစ်ဦးသဘောတူ ပေါင်းသင်းနေထိုင်ခဲ့။

-အလယ်တန်းကျောင်းသားဘ၀တွင် ကဗျာများ စတင်စမ်းသပ်ရေးခဲ့။
အထက်တန်းကျောင်းသားဘ၀အတွင် ရှုမ၀၊ မိုးဝေ၊ ရုပ်ရှင်မျက်မှန် မဂ္ဂဇင်းများသို့
စာတိုက်မှတဆင့် ကဗျာများပေးပို့ခဲ့။

-၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ မိုးဝေမဂ္ဂဇင်းတွင်ပါရှိသော “ဆူးလေလမ်း၏ ရာဇ၀င်”
ကဗျာသည် ပထမဆုံး ပုံနှိပ်ကဗျာဖြစ်။ ထို့နောက် မိုးဝေနှင့် ရုပ်ရှင်မျက်မှန်မဂ္ဂဇင်းတို့တွင်
ကဗျာဆက်လက်ပေးပို့၍ ကဗျာတစ်ပုဒ်စ နှစ်ပုဒ်စ ဖော်ပြခံရ။

-၁၉၈၆-၈၈ ခုနှစ်များတွင် မဂ္ဂဇင်းများသို့ ကဗျာပေးပို့ခြင်း ခေတ္တရပ်နားခဲ့။
ထိုနှစ်များအတွင်း ကဗျာများကို ပြန်လည်ဖတ်ရှုလေ့လာခြင်း၊ ကဗျာများ
စမ်းသပ်ရေးသားခြင်းများစွာ ပြုလုပ်ခဲ့။
၁၉၈၉ ခုနှစ်တွင် ရနံ့သစ်၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတို့တွင် ကဗျာပြန်လည်ရေးသားခဲ့။

-မိုးဝေ၊ ရုပ်ရှင်မျက်မှန်၊ ရနံ့သစ်၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ ရွှေဝတ်မှုန်၊ မြားနတ်မောင်၊
သရဖူ၊ မဟေသီ၊ ချယ်ရီ၊ စတိုင်သစ်၊ ရွက်နုဝေ၊ ဖက်ရှင်၊ စိမ်းရောင်လွင်၊ ရွှေပုဇွန်၊ မုဒိတာ၊
ဗြူးတီး၊ ဗြူးတီးမက်စ်၊ ဖက်ရှင်အင်းမေ့ခ်ျ၊ သောင်းပြောင်းထွေလာ၊ နှလုံးအိမ်၊ ပန်းအလကာင်္
စသည့် မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များတွင် ကဗျာရေးခဲ့။

-၁၉၉၄ ခုနှစ်၊ နိုဝင်ဘာထုတ် ဟန်သစ်မဂ္ဂဇင်းပါ “ဖြောင့်ချက်” ကဗျာဖြင့်
ဟန်သစ်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့၏ တစ်နှစ်တာအကြိုက်ဆုံးကဗျာအဖြစ် သတ်မှတ်ခံရ။

-၁၉၉၈ ခုနှစ်၊ သြဂုတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းပါ “လက်” ကဗျာဖြင့်
မန္တလေးစာဖတ်သူများ၏ အကြိုက်ဆုံးကဗျာဆု (နောင်ထန်းရိပ်ညိုကဗျာဆု) ရခဲ့။

-၁၉၉၉ ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ်မဂ္ဂဇင်းပါ “အနေအထိုင်မတတ်မှုများ” ကဗျာကို
ပြင်ဦးလွင်မှ လူငယ်များ နှစ်သက်သဖြင့် ငွေ ၃၀၀၀ ကျပ်ကို မဂ္ဂဇင်းမှတဆင့် ပေးပို့ခဲ့။

-၂၀၀၅ ခုနှစ် ဒီဇင်ဘာထုတ် ရနံ့သစ်မဂ္ဂဇင်းပါ “တောင်အမေရိကကို သွားချင်တယ်”
ကဗျာဖြင့် ၂၀၀၆ ပျဉ်းမနားအလယ်ရိုးမ ခေတ်ပေါ်ကဗျာဆု ရခဲ့။

-၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် နှလုံးအိမ်မဂ္ဂဇင်းပါ “အာရှတိုက်ရဲ့တစ်နေရာ”
ကဗျာဖြင့် ၂၀၀၆ ရွှေအမြုတေ စာပေဆုတွင် ကဗျာဆု ရရှိခဲ့။

-၂၀၀၆ ခုနှစ် အောက်တိုဘာလထုတ် မဟေသီမဂ္ဂဇင်းပါ “ငါလည်းတစ်နေ့” ကဗျာဖြင့်
ရွှေဘိုမြို့ ပန်းကဗျာခေတ်ပေါ်ကဗျာဆု ရရှိခဲ့။

-၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းပါ “ဒီပရင်္ဂ” ကဗျာဖြင့် ရွှေဘိုမြို့မှ
ပန်းကဗျာ ခေတ်ပေါ်ကဗျာဆု ရရှိခဲ့။

-သခင်ကိုယ်တော်မှိုင်းဆု နှင့် စကာင်္ပူမှ ကဗျာချစ်သူများဆုကို ၂၀၁၁ ခုနှစ်တွင်
ထပ်မံရရှိခဲ့။

လုံးချင်းကဗျာစာအုပ်ဖြစ်သော “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း”
ကဗျာစာအုပ် အမှာစာတွင် “ကဗျာစာအုပ်အတွက် အထွေအထူးပြောစရာမရှိ၊
ကဗျာရေးသက် ၂၅ နှစ်အတွင်း မဂ္ဂဇင်းများတွင် ပြန့်နေသော ကဗျာများကို
စုစည်းထားခြင်း ဖြစ်၊ ရိုးရိုးသားသား ယုံယုံကြည်ကြည် ရေးသားခဲ့သော
ကဗျာများဖြစ်သည်ဟု မိမိဘာသာယူဆ၊ ကဗျာစာအုပ်ဖြစ်ရသည့် ဒုလ္လဘအတွက်
ကျေနပ်မိ” ဟု ပြောကြား။

လှသန်း ကလောင်အမည်အပြင် စံသိုက်၊ နမိတ်ထွန်းသန်း၊ လိပ်ပြာသန့်သန့်၊
ကြည်မောင်သန်း၊ ရန်မခ၊ မောင်သီးသန့် တို့ဖြင့်လည်း ရေးသားခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက် စနေနေ့တွင် ကွယ်လွန်သည်။

ကဗျာဆရာလှသန်း၏ ကဗျာများအား လက်လှမ်းမီသလောက် မှတ်တမ်းတင်
ဖော်ပြလိုက်ရပါသည်။ လက်မရွံ့ကဗျာဆရာ ရောက်ရာဘုံမှာ ကဗျာဆက်ရေးနိုင်ပါစေ ။

==========================

ဇာတ်ထုပ်များကို နားထောင်ခြင်း

ရွှေကျီးညိုနဲ့ ပဲခူးမြ
ရွှေမန်းတင်မောင်နဲ့ အောင်သန်းတင်
ပန်တျာကြည်လင်နဲ့ ပန်တျာတင်တင်မြင့်
သူတို့ရဲ့ အသံသွင်း ဇာတ်ထုပ်တွေ နားထောင်ပြီး
အံ့အားသင့်ရတယ်

သူတို့ရဲ့ အပြောအဆို အငိုအလွမ်း
အို .... ဆန်း ကြယ် လှ ပါ ရဲ့

သူတို့ရဲ့ ပါဖောမင့်ကို မြင်ယောင်မိတယ်
သူတို့ရဲ့ အိပ်စ်ပရက်ရှင်းကို လေးစားမိတယ်
သူတို့ရဲ့ မိုနိုလော့ဂ်တွေ ဒိုင်ယာလော့ဂ်တွေကို
သဘောကျမိတယ်

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအတွက်
သူတို့ရဲ့ ရင်းနှီးမြှုပ်နှံ ပါဝင်မှုကို
ဦးညွှတ်မိပါရဲ့ ။

====================

Mr. Radio

ငယ်ငယ်တုန်းက
ည ၈ နာရီ သတင်းပြီးရင်
အိမ်သားတွေအားလုံး ရေဒီယိုနားမှ စုဝေးကြ
“လူနှစ်ယောက်၊ ကားတစ်စီး၊ မိုးညတစ်ည”
“ကိုးပွင့်ဖူးစာ ...” စတဲ့ မြန်မာ့အသံမှ
အသံလွှင့်ဇာတ်လမ်းတွေ
မက်မက်မောမော နားထောင်ခဲ့ကြ

သြော် ..... ပြန်မရနိုင်တော့တဲ့
ငယ် ဘ ၀ ။

===================

အသည်းစွဲ လူရွှင်တော်

ဓာတ်ဆီနဲ့ ဓာတ်ဆံအစ
ကြာပေါ်နဲ့ ငှက်ရိုးအလယ်
ဆိုနီနဲ့ မိုးကျော် အဆုံး
သူတို့ပြက်လုံးမှာ
ငါ ပြုံးပျော်ခဲ့တယ်

လူရွှင်တော်ကြီး ဦးကြင်ခဲ
ငါ့ အသည်းစွဲပဲ ။

===============

ငါလည်း တစ်နေ့

ချောင်းရိုက်ခံရတာလို
ဘယ်လို လက်တုံ့ပြန်မှာလဲ
လောကဓံဆိုတာ ဒီလိုပါပဲ
စိတ်အားငယ်စရာတွေကြားမှာ
ပြက်ရယ်ပြုစကား ပြောတတ်သူ
ငြိတွယ်စိတ် ကြီးမား
အားသွန်ခွန်စိုက် လွမ်းရတာလည်း
အရသာတစ်မျိုးပါပဲ
တစ်ယောက်ပြီးတစ်ယောက်
နောက်တစ်ယောက်
လင်းလင်းချင်းချင်းကြီးထဲ ပျောက် ကွယ်
ဘယ် ရောက် ကုန် ပြီ လဲ
တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်နိုင်ခဲ့
နေ့စဉ်နဲ့အမျှ
ဆက်ဆံနေရတာက
လူရွှင်တော်တွေ
လူပြက်တွေ
ခက်ခက်ခဲခဲ ရယ်မောခဲ့ရ
ခြေကုန်လက်ပန်း ညကျ
နောက်ဆုံး ခရီး
ခေါင်းတိုင်က မီးခိုးတွေ
“လေပြင်းထဲက ဖယောင်းတိုင်” ပြောပြော
“လေပြင်းထဲက ဖုန်မှုန့်” ပြောပြော
ပြာ ကျ ခဲ့တာ သေ ချာ ပါ တယ် ။

===================

အဓမ္မ သရဖူ၊ ဈေးကွက် စီးပွားရေးနဲ့ ကဗျာ

အင်တာနေရှင်နယ်ကနေ ဝီးအာသည်ဝါးလ်အထိ
နားထောင်ပြီးပါပြီ
မေရီအင်တွိုင်းနက်ကနေ အယ်လီနာချောက်ချက်စကူးအထိ
ဖတ်ကြည့်ပြီးပါပြီ
စောင့်ကြည့်နေခဲ့တယ်
ချေဂွေဗားရားကနေ ကင်ဆာရိုဝီဝါအထိ
စောင့်ကြည့်နေခဲ့တယ်
နှင်းခဲပန်းကနေ နှင်းခဲပျော်ချိန်အထိ
စောင့်ကြည့်နေခဲ့တယ်
လောကအမွန်ကနေ ဗဟုဝါဒအထိ
တစ်နှစ်လုံးနေမှ စကားလုံး ၃ လုံးပဲ စိတ်တိုင်းကျတယ်
ကဗျာဆရာ စတီဗင်စပင်ဒါ ကွယ်လွန်တော့
ညူး စထရိတ်တိုင်းစ် သတင်းစာမှာ
“ဟဲဗီးဝိတ် ကဗျာဆရာ” တဲ့
ဆန်းမဂ္ဂဇင်းမှာတော့
ဘော့ဒီလန် ကို
“ရော့ခ် ဖီလိုဆိုဖာ” တဲ့
လုပ်ကြံခံလိုက်ရတဲ့
အစ္စရေးဝန်ကြီးချုပ် ရာဘင်ရဲ့ ဈာပနမှာ
အမေရိကန် သမ္မတ ကလင်တန် ပြောသွားတဲ့စကား
“ငြိမ်းချမ်းရေး အာဇာနည်” တဲ့

( ဘာပဲဖြစ်ဖြစ်
ရှေးမာ့စ်ဟေနီ နိုဗယ်ဆု ရသွားတာတော့
ဝမ်းသာရမှာပေါ့ )

ပင်လယ်စာကိုစားဖို့
ပင်လယ်ထဲသွားစရာ မလိုပါဘူး
ငွေပဲ လိုပါတယ်တဲ့
မင်းလည်း စံပြမယ် ကလောဒီယာ ရှစ်ဖာ မဟုတ်ဘူး
ငါလည်း မျက်လှည့်ဆရာ ဒေးဗဟ် ကော့ပါးဖီးလ် မဟုတ်ဘူး
ခက်တာက
စီးပွားရေးအမြင်လည်း မထက်မြက်
အကြမ်းဖက်မှုကိုလည်း ရွံမုန်း
နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးနေ့တွေကို ဘယ်လိုဆက်ဆံရမလဲ
အသည်းအသန် စဉ်းစားနေရတယ်။

လာကြ
ပြောင်းပြန် ပြန်စီးတဲ့ မြစ်ကို တွေ့ပြီ
ရေဆန်ကို စုန်ကြစို့ ။

====================

ကျွတ်ကျွတ်အိတ်နဲ့ တွေ့ဆုံခြင်း

ကိုယ်က အရေမရ အဖတ်မရကောင် မဟုတ်ပါဘူး
အရေရော အဖတ်ရော ထည့်သယ်လို့ရတဲ့ ကောင်ပါ
လိုအပ်တုန်းက တီထွင်ခဲ့ကြပြီး
မလိုအပ်တော့မှ အပြစ်ပြောခံရ ဆန့်ကျင်ခံရတဲ့ကောင်ပါ
ကိုယ့်ကြောင့်ပဲ ကမ္ဘာပျက်ရတော့မလိုလို
ကိုယ့်ကို တချို့က နာမည်ပေးတယ် မြေရွက်ငို တဲ့
ဟုတ်တယ်၊ ကိုယ်တို့အမျိုးက အသက်ရှည်တယ်လေ
ကိုယ် လူသားတွေအတွက်
နှစ် နှစ်ဆယ် နှစ် အစိတ်လောက် အလုပ် လုပ်ပေးခဲ့ပါတယ်
တချို့ လူပုဂ္ဂိုလ်တွေ၊ တချို့အစိုးရတွေ
တချို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေတောင်
လူသားတွေအတွက် နှစ် နှစ်ဆယ် နှစ် အစိတ် အလုပ်လုပ်ပေးခဲ့လို့လား
ကိုယ်ကတော့ လူသားတွေ လွယ်ကူသက်သာအောင် အဆင်ပြေအောင်
နှစ် နှစ်ဆယ် နှစ် အစိတ်လောက် တာဝန်ထမ်းရွက်ရတာကို ဂုဏ်ယူတယ်
ကိုယ်က လူသားသန်းပေါင်းများစွာကို အသက်သေစေမယ့်
ညူးကလီးယားလက်နက်တွေလောက် အန္တရာယ် မများသေးပါဘူး
ခုတော့ ကိုယ့်ရဲ့ ကောင်းကွက်တွေကို သတိမရကြ
ကိုယ့်ကို ပစ်ပယ်ဖို့ ကြိုးစားနေကြပြီ
တော်တော် တရားကျဖို့ ကောင်းတယ်
အမေဇုံ သစ်တောကြီးလည်း သင်္ခါရ
နိုင်းမြစ်ကြီးလည်း သင်္ခါရ
အင်းလေးကန်ကြီးလည်း သင်္ခါရ
ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွေတောင်
ကန့်ကွက်ဆန္ဒပြခံနေတဲ့အချိန်မှာ
ကိုယ်ကရော ဘာများ တတ်နိုင်ဦးမှာလဲ ။

=======================

ကဗျာ သတင်း ဂျာနယ်

ပထွေးနှိပ်စက်လို့ အိမ်ကထွက်ပြေးလာပြီး
ကဗျာရေးတာပါ
အရင်က ဒီကဗျာရေးတာကို တစ်ခါမှ မလုပ်ဖူးပါဘူး
ကျွန်မ ဒီကဗျာရေးတာ တစ်ပတ်ပဲ ရှိသေးတယ်
မိဘကို လုပ်ကျွေးချင်လို့ ကဗျာရေးတာပါ
ကျွန်မ ကဗျာရေးတာ အမေမသိဘူး
ကျွန်မ ကဗျာရေးတာ အမေသိရင် ကျွန်မကို သတ်လိမ့်မယ်
ကျွန်မမှာ သမီးလေးတစ်ယောက်ရှိတယ်
ကျွန်မသမီးလေး ကြီးလာရင် ကျွန်မလို ကဗျာမရေးစေရဘူး
ကျွန်မသမီးလေး အဖေ အကြောင်းလား ...... မမေးပါနဲ့တော့
ကဗျာရေးချင်လို့ နယ်ကနေ ရန်ကုန်တက်လာတာပါ
ကဗျာရေးလို့ ငွေလေးဘာလေး စုမိရင် နယ်ပြန်ပြီး
ကုန်စုံဆိုင်လေး ဖွင့်မယ်
ကဗျာမရေးခင်တော့ ကျွန်မလည်း အထည်ချုပ်ကပေါ့
အထည်ချုပ်လုပ်ငန်းတွေ ပါးသွားတော့ ၀န်ထမ်းလျှော့တယ်လေ
အဲ့ဒီမှာ ကျွန်မလည်း ကဗျာလောကထဲ ရောက်လာတော့တာပဲ
ကျွန်မ ဆင်းရဲလို့ ... ကျွန်မ ပညာမတတ်လို့ ...
ရှင် ထင်ချင်ရာ ထင်ပေါ့
ကဗျာဈေးကွက်က ပျက်စပြုလာပြီ
အထက်ကဗျာတွေက ဈေးငြိမ်နေတယ်
အောက်ကဗျာတွေကတော့ မဆိုးပါဘူး
နည်းနည်းပါးပါး အရောင်းအဝယ်ဖြစ်ပါတယ်
တချို့ အိမ်စီးကဗျာတွေပေါ့
အလဲအထပ်တွေလည်း ရှိပါတယ်
လိုင်စင်မဲ့ကဗျာတွေကို
အခွန်ဆောင်ခိုင်းပြီး နံပါတ်ထုတ်ပေးတော့
ကဗျာဈေးကွက်ပျက်တာပေါ့
ကဗျာပွဲစားဆိုတာ ခေတ်မရှိတော့ဘူး
ကဗျာဝယ်ရောင်းပဲ ရှိတယ်
လေနဲ့ရင်းတဲ့ခေတ်က ကုန်သွားတာကြာပြီ
၅ သိန်းတန် ကဗျာတွေကို ဖောဖောသီသီချပေးနေတယ်
နေ့ချင်းပြီး လျှောက်လို့ရတယ်။
နံပါတ်က အသေ ဆိုတော့ အထင် ထားပြီး သုံးရင် တန်တယ်
ကတ်ကုန်ရင် ဝယ်ထည့်ပြီး သုံးရုံပဲ

အဝင်က ပိုက်ဆံမပေးရဘူးလေ
ဒါပေမယ့် နယ်တွေခေါ်လို့ မရသေးဘူး
သက်တမ်းက ၁၀ နှစ်ပဲ
GSM ကဗျာတွေတောင် ဈေးကျကုန်ပြီ
နယ်ဘက်မှာလည်း ကဗျာတွေ အသိမ်းခံရလို့ တဲ့
ကဗျာသမားတွေ ဟိုတိုင် ဒီတိုင် ပူညံပူညံ ဖြစ်ကုန်ပြီ
အရွက်မရောက်သေးတဲ့ ကဗျာကိစ္စတွေကလည်း ပြဿနာပဲ
ကဗျာကုန်ကူးမှုတွေ ရှိနေတယ်
သက်ဆိုင်ရာက ဖိဖိစီးစီး အရေးယူဆောင်ရွက်နေတဲ့ကြားက
တစ်ဖက်နိုင်ငံကို ကဗျာတွေ တရားမဝင်သွားရောင်းတာ
ကဗျာနယ်စပ်ကုန်သွယ်ရေးကရော ဘယ်လို
တရုတ်-မြန်မာ နယ်စပ် ကဗျာစီးပွားရေးကတော့ မဆိုးပါဘူး
ဒီဘက်က ကဗျာငါးရှဥ့်တွေ ကဗျာကဏန်းပျော့တွေ
ဟိုဘက်မှာ အဝယ်လိုက်နေတယ်
ဟိုဘက်ကနေ ကဗျာအိမ်ဆောက်ပစ္စည်းတွေ ကဗျာဓာတ်မြေသြဇာတွေ
ဒီဘက်ကို ပြန်သွင်းတယ်
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးက
မိုးတွင်းဆိုတော့ သိပ်အလုပ်မဖြစ်ဘူး
ကဗျာစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက
ကဗျာသတိပေးနှိုးဆော်ချက်တွေ
သတင်းစာမှာ နေ့တိုင်း ပါနေတယ်
ကဗျာမတော်တဆဖြစ်ပွားမှုများအား လေ့လာရာတွင်
ကဗျာမောင်းသူတို့၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားသကဲ့သို့
ကဗျာအသုံးပြုသူများ၏ စည်းကမ်းမလိုက်နာမှုများကြောင့်လည်း
ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည် .... တဲ့ ။

- လှ သ န်း -

========================

ကဗျာဆရာ လှသန်း / ကြည်မောင်သန်း ကွယ်လွန်ခဲ့ခြင်းအတွက်
လင်းပွင့်လက်များမှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း ။


- လင်းပွင့်လက်များ -

No comments:

Post a Comment