Subscribe:

22 Nov 2011

ကျမဘဝရဲ့ နောက်ဆုံးအပိုဒ်ကို ရှင်ခဏခဏဖတ်ပြစရာ ဘာအကြောင်းမှမရှိဘူး

ကဲပြောပါဦး ကျမရောဂါကဘာတဲ့လဲ ဘယ်လိုကဘယ်လို ဒီကူးစက်မြန်ပြင်းထန်ကြီး ဒီဝိပါကဝဋ်ကြီး ကျမဆီရောက်လာရတာလဲ
ရှင်ဘာကို နှုတ်ဆွံ့နေတာလဲ ရှင်သိသမျှပြောပြဖို့မလိုဘူးလို့ ဆုံးဖြတ်ပြီးသားဖြစ်နေလို့လား ကော်ဖီတစ်ခွက်စာလောက်ဖြစ်ဖြစ်
ဝီစကီတစ်ပက်စာလောက်ဖြစ်ဖြစ် ကျမဘက်က မျှော်လင့်ခါင့်ကို ရှင့်မျက်နှာသေကြီးနဲ့ ပိတ်ဆို့မပစ်စမ်းပါနဲ့
ကျမကိုပျော်အောင်ထားမယ်ဆို ကျမနှုတ်ခမ်းတွေပေါ် ဖိကပ်ထားတဲ့ ရှင့်စိတ်ကူးလေး အကောင်ပေါက်ပြီ အတောင်အလက်စုံပြီဆို
ရှင်အခုသွေးရိုးသေးရဲ့လား ကျမသွေးတွေရှင့်ဆီကူးလူးခဲ့တာကြာပြီပဲ အချမ်းပြေဖို့ပဲဖြစ်ဖြစ်လိုအပ်မှုအရပဲဖြစ်ဖြစ် ကျမရင်ခွင်ကိုအသုံးပြု
နိုင်ပါတယ် အရာရာပါပဲလေ ရှင့်အတွက်ဆို ကျမရဲကအရာရာပါပဲ ဒါပေမယ့် ရှင်ဒါကို ရွံစရာအဖြစ်တွေးခေါ်တတ်ခဲ့ပြီဆိုရင်တော့
ဝမ်းနည်းစရာပဲ အခု ဘယ်အချိန်ရှိပြီလဲ ဒီနေ့ဘာအထိမ်းအမှတ်နေ့လဲ ဒီကိုရောက်လာတာဘယ်နှရက်ပြည့်ပြီလဲ ကျမဘာကိုမှ
မစဉ်းစားချင်တော့ဘူး အရင်လို ရှင်နဲ့အတူတူကပွဲခန်းမတွေဆီ မသွားနိုင်တာကိုတော့ ရှင်ခါင့်လွှတ်ပေးပေါ့ ရှင်နားလည်ထားတဲ့
လူ့ဘဝအဓိပ္ပါယ်ကို ကျမကိုတစ်ခေါက်လောက်ပြောပြပေးပါဦး အထပ်ထပ်အခါခါ ပြောပြပေးပါဦးရှင်ရယ် ကျမကိုချစ်တယ်လို့
တိုးတိုးလေးပြောပေးပါဦး အိပ်ရာဝင်တေးတွေမှည့်ကြွေနေတဲ့ နွေဦးရာသီစိမ်းစိမ်းလေးနဲ့ ခရမ်းပြာခန်းဆီးဇာပဝါတွေ
မိသားစုဓါတ်ပုံလေးလဲ ဖုန်တွေကျပ်ခိုးတွေကြားထဲရောက်နေမှာပဲ ဒီအချိန်ဆိုရှင့်သူငယ်ချင်းတွေ မျှော်နေတော့မယ် ကျမကိုထားခဲ့ပါ
မီးဖိုခန်းထဲမှာ ဝိုင်နည်းနည်းရှိလိမ့်ဦးမယ် ရှင်သောက်ဖို့ပဲချန်ထားတာ ရှင်ဘာမှပြန်မပြောတော့ဘူးလား ကျမကို
တစ်ခုခုပြန်ပြောသင့်တယ်ထင်လို့ပါ မျက်လုံးအကြည့်နဲ့ပဲဖြစ်ဖြစ် နောက်ဆုံး နှလုံးခုန်သံလေးတစ်ချက်လောက်နဲ့ဖြစ်ဖြစ်တော့
ကျမကိုဆက်သွယ်သင့်တာပေါ့ရှင်


A မွန်

No comments:

Post a Comment