Subscribe:

22 Nov 2011

အလွမ်းဆိုတာ လူကြားလို့မကောင်းတဲ့ ဘာသာစကား


( ၁ )

မခင်မိရဲ့ မျက်လုံးတွေ ဘယ်တော့ပွင့်လာမလဲလို့ ကျွန်တော် ထိုင်စောင့်နေမိသည် ။
ဘယ်တော့မှ ပြန်ပွင့်လာမှာမဟုတ်မှန်း သိသိရက်နဲ့ ကျွန်တော် ထိုင်စောင့်နေမိသည် ။
ကျွန်တော် ပြုံးမိသည် ။ မခင်မိ အိပ်နေသည်မှာ ဟမ်းလော့ခ်ပန်းတစ်ပွင့် ငြိမ်သက်
တိတ်ဆိတ်နေပုံမျိုး ၊ ဖြူလွငြိမ်းချမ်းလွန်းသည် ။

" မခင်မိ ဘ၀မှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ"

" ကိုယ့်လက်ကောက်ဝတ်ကိုယ် ဓားနဲ့ လှီးပစ်ချင်တာ ..
ဒါပေမယ့် .. သွေးမြင်ရင် ကြောက်တတ်တယ် "

" မခင်မိရယ် .. "

မခင်မိ၏ လက်ကောက်ဝတ်နေရာလေးကို ကျွန်တော် ငုံ့နမ်းလိုက်သည် ။
ဟမ်းလော့ခ်ပန်းမှာ မည်သည့်ရနံ့ရှိသည်ဟု သေချာစွာ မသိသော်လည်း ၊
မခင်မိ၏ လက်ကောက်ဝတ်မှာမူ စက္ကူဖြူတစ်ရွက်၏ရနံ့နှင့် အနည်းငယ်
ဆင်တူနေလေသည် ။ မည်သည့်အရာမျှ ရေးခြစ်ထားခြင်း မပြုရသေးသော
စက္ကူဖြူတစ်ရွက်သည် မခင်မိဖြစ်လေသလား ။ ကျွန်တော်က ထိုစက္ကူဖြူပေါ်တွင်
ခရမ်းရောင်ဆေးစက်တချို့ ကြဲပက်ချင်နေသူ ။

" ကျွန်တော် မခင်မိကို ချစ်တယ် လို့ ပြောရင် ... "

မခင်မိ ပြုံးပါသည် ။ သူမ၏ အပြုံးက ညဥ့်နက်နက်တွင် ကြွေကျသွားသော
ကြယ်တစ်စင်းလို လျှို့ဝှက်သိပ်သည်းလွန်းလှသည် ။ မည်သည့်အဓိပ္ပါယ်
ဖော်ဆောင်သည်ဟု ကျွန်တော် မခန့်မှန်းတတ် ။

" အချစ်ဆိုတာ လူသုံးကုန်ပစ္စည်းပဲ .. တန်ဖိုး အနည်းအများအလိုက်
ကွာခြားသွားတတ်တာမျိုးပဲ သားဇော် .. "

ကျွန်တော် မခင်မိနှင့် ရိုင်းရိုင်းစိုင်းစိုင်းပင် သဘောထားကွဲလွဲပစ်လိုက်သည် ။
ကျွန်တော်ဆိုတဲ့ကောင်က မခင်မိကို ဘယ်လိုတန်ဖိုးမျိုးမှ တံဆိပ်ကပ်လို့မရလောက်အောင်
အမြင့်မားဆုံးတန်ဖိုးထားပြီးချစ်ခဲ့တာ ။ အချစ်ဆိုတာ လေလံပွဲမဟုတ်ဘူး မခင်မိ ။
လမ်းဘေးမှာ ချရောင်းနေတဲ့ လေဘေးထည်လည်းမဟုတ်ပါဘူး ။

" ဒါဆိုရင် အချစ်ဆိုတာ ဘာလဲ ... မင်း ဖြေလေ .. သားဇော် "

ကျွန်တော် မခင်မိကို ပြုံးပြလိုက်ပါသည် ။ သရော်လိုသောဟန် အနည်းအကျဉ်း
ဖြည့်စွက်လိုက်သည်မှအပ ကျွန်တော့်အပြုံးတွင် အဖြေတစ်ခုခု ပါမသွားစေရန်
အထူးပင် သတိပြုလိုက်ရသည် ။ အံ့သြစရာကောင်းလောက်အောင် ကျွန်တော့်
အပြုံးက မခင်မိ၏ မျက်နှာအပြောင်းအလဲကို ရိုက်ခတ်သွား၏ ။

မခင်မိ လှည့်ထွက်သွားသည် ။ ဆံနွယ်ရှည်တို့က ၀ဲလွင့်ကာ ကျွန်တော့်ပါးပြင်ကို
ကြမ်းကြမ်းရှရှပင် လာရောက်ထိခတ်၏ ။ ကျွန်တော် လက်ပြမနှုတ်ဆက်ဖြစ်သလို
အံကိုလည်း ကြိတ်မထားမိပါ ။ ထို့ထက်ပို၍ ကျွန်တော် မျက်ရည်လုံးဝမကျသည်မှာ
အသေချာဆုံးဖြစ်လေသည် ။

ကျွန်တော်ကျန်ရစ်ခဲ့ပါသည် ။ ၀ဋ်ကြွေးတစ်ခု ၊ အလွမ်းနှင့်ဓာတ်မတည့်ခြင်းရောဂါ
တို့ဖြင့် ကျွန်တော် ကျန်ရစ်ခဲ့ပါသည် ။ အမှန်တော့ ကျွန်တော် စိတ်ရှိလက်ရှိ
ငိုကြွေးပစ်လိုက်ဖို့ကောင်းသည်မဟုတ်ပါလား ။ ငိုချင်စိတ်မရှိသော်လည်း
ငိုချပစ်လိုက်ဖို့ ကြိုးစားမိသည် ။ မခင်မိရော ငိုနေမည်လား ။

ထိုနေ့သည် မခင်မိကို နောက်ဆုံး တွေ့ လိုက်ရသောနေ့ ဖြစ်၏ ။





( ၂ )

မခင်မိဟာ ကျွန်တော့်ရဲ့  ဖန်ပုလင်းလွတ်ထဲက စက္ကူငှက်လေးတွေ ဖြစ်တယ် ။
ပျံသန်းခွင့်ပေးပါ မခင်မိ ။ ကျွန်တော်ဟာ လေဟာနယ်ထဲမှာ ကျဉ်းကျဉ်းကျုတ်ကျုတ်
လှောင်ပိတ်ခံနေရသူပါ ။ မခင်မိရဲ့ အပြုံးတွေဟာ ကျွန်တော့်အတွက် နိစ္စဓူဝ အစာရေစာ ။
မခင်မိရဲ့ မျက်ဝန်းတွေထဲမှာ ဘယ်လိုအရာမျိုးတွေ ထည့်သွင်းဖြည့်စွက်ထားပါသလဲ ။
ရူးလိုက်ရတာ မခင်မိရယ် ။ အဲ့သည့် မျက်ဝန်းနက်နက်တွေ ၊ ပါးချိုင့်နက်နက်လေးတွေထဲမှာ
ကျွန်တော် တစ်ဘ၀လုံးစာ ရူးသွပ်ခဲ့ရလေခြင်းပေါ့ ။

" မခင်မိရဲ့ ပါးပြင်ပေါ်က သနပ်ခါးကွက်လေးတွေ ဖြစ်ချင်တယ် "

" ဘာလို့လဲ သားဇော် "

" ကျွန်တော် အမြဲ နမ်းရှိုက်ခွင့်ရချင်လို့ပါ မခင်မိ "

ဘ၀ပေါင်းများစွာ ရူးသွပ်ခဲ့ရပါတယ် မခင်မိရယ် ။ ကျွန်တော့်မှာ ဘယ်လိုဝဋ်ကြွေးမျိုးကို
ဆုပန်ခဲ့မိပါလိမ့် ။ နေ့ပေါင်းများစွာ ၊ ညပေါင်းများစွာ .. မခင်မိရဲ့ အရိပ်လေးတွေကိုပဲ
တရှိုက်မက်မက် ကြည့်နေရ ။ ကျွန်တော့်မှာ ၀ဋ်တွေလည်း အကြီးကြီးလည်ရတယ် ၊
စိတ်တွေလည်း အကြီးကြီး ညစ်ရပါတယ် မခင်မိ ။

ဒီအချိန်ဆို မြေသင်းနံ့တွေ ပျံ့မွှေးနေမလားပဲ ။ ကျွန်တော် မိုးရာသီတစ်ခုလုံးကို
သော့ခတ်သိမ်းထားခဲ့တာ ကြာပြီ ။ မခင်မိရဲ့ သေတ္တာအဟောင်းလေးထဲက
ဓာတ်ပုံတစ်ပုံရဲ့ ပိုင်ရှင်ဟာ ကျွန်တော် ဖြစ်မလား ။ မခင်မိရဲ့ စက္ကူငှက်လေးတွေထဲမှာ
သားဇော်လို့ နာမည်ပေးထားတဲ့ ခပ်နွမ်းနွမ်းစက္ကူငှက်လေးတစ်ကောင် ပါနေမလား ။
လွမ်းရပါတယ် မခင်မိရယ် ။ အဲ့ဒီစကားကို အကြိမ်ပေါင်း လေးသောင်းရှစ်ထောင်နီးပါး
ဟစ်အော်နေမိရပါတယ် ။

" သားဇော်သာ ဖန်ဆင်းရှင် ဖြစ်ခဲ့မယ် ဆိုရင် ... မင်း ဘယ်အရာကို
အရင်ဆုံး ဖန်ဆင်းမလဲ "

" ကျွန်တော် မခင်မိကို အရင်ဆုံး ဖန်ဆင်းမယ် .. ပြီးရင် ..
ကျွန်တော့်ရဲ့ လွတ်ဟာနေတဲ့ နံရိုးတစ်ချောင်းကို ဖြည့်စွက်ပစ်မယ် ..
ကျွန်တော် ဘယ်အရာကိုမှ မဆုံးရှုံးချင်ဘူး မခင်မိ "

မခင်မိ ပြုံးသည် ။ မခင်မိ၏ အပြုံးတိုင်းသည် ကျွန်တော့်အတွက် ရင်ခုန်သံ
အသစ်အသစ်ပေါင်းများစွာ ဆွတ်ယူနိုင်ကြောင်း အစောကြီးကတည်းက
သိခဲ့ဖို့ကောင်းသည် ။ ကျွန်တော် သက္ကရာဇ်ပေါင်းများစွာ နောက်ကျခဲ့ဖူးပါသည် ။

ကျွန်တော်သည် မခင်မိနှင့် မတွေ့ရှိမီက အလွန်အတ္တကြီးသော လူငယ်တစ်ယောက်
ဖြစ်ခဲ့သည် ။ ကျွန်တော့်၏ အတ္တအားလုံးကို မခင်မိ သိမ်းပိုက်သွားသော နေ့မှာ
ကျွန်တော့်မွေးနေ့ဖြစ်ခဲ့သည်မှာ အံ့သြဖွယ်ရာ တိုက်ဆိုင်မှုတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည် ။

" သားဇော် .. မွေးနေ့လက်ဆောင် ဘာလိုချင်လဲ "

" မခင်မိဆီက ချစ်တယ်ဆိုတဲ့ စကားကို ကြားချင်တယ် "

" စက္ကူငှက်လေးတွေ ခေါက်ထည့်ထားတဲ့ ဖန်ပုလင်းလေး လက်ဆောင်ပေးမယ် ဆိုရင်ရော "

ကျွန်တော် ကျေကျေနပ်နပ်ကြီး ရူးရပါသည် မခင်မိ ။





( ၃ )

မခင်မိရဲ့  အသွေးအသားတွေထဲ ကျွန်တော် ဘယ်နှစ်ရာခိုင်နှုန်း ဆူပွက်ခွင့်ရခဲ့သလဲ ။
ချစ်ခြင်းမေတ္တာနဲ့ လက်တစ်ကမ်းအလိုမှာ ငူငူငိုင်ငိုင်နဲ့ ကျွန်တော် ထိုင်စောင့်နေတယ် ။
မခင်မိရဲ့  လက်ဖ၀ါးထက်က အရေးအကြောင်းလေးတွေဟာ ကျွန်တော့် အနာဂတ်
ဖြစ်တယ် ဆိုတာ ၊ မခင်မိကို မပေးဖြစ်ခဲ့တဲ့ ကဗျာတွေထဲမှာ ကျွန်တော့်ကျရှုံးခန်းတွေ
အပြည့်အ၀ပါဝင်နေတယ် ဆိုတာ မခင်မိ သိပါလေစ ။

" မခင်မိရဲ့  ခြေသည်းလေးတွေကို ညှပ်ပေးချင်တယ် "

" အိုကွယ် ... ဘုန်းတွေဘာတွေ နိမ့်ကုန်မှဖြင့် သားဇော်ရယ် .. "

ခန္ဓာကိုယ် အထက်ပိုင်းတွင်ရှိသော အရာများကို မြင့်မြတ်သည်ဟုလည်းကောင်း ၊
ခန္ဓာကိုယ် အောက်ပိုင်းတွင်ရှိသော အရာများကို နိမ့်ကျသည်ဟုလည်းကောင်း ၊
အဘယ်ပညာရှိက ပညတ်ခဲ့ပါသနည်း ။ ကျွန်တော် မခင်မိ၏ ခြေသည်းလေးများကို
တယုတယ ညှပ်ပေးချင်နေပါသည် ။ မည်ကဲ့သို့သော အတွေးမျိုး ၊ စိတ်ကူးမျိုးလဲ ဟု
မေးလာပါလျှင် ပြန်ဖြေရှင်းရန် ဟုတ်တိပတ်တိ အဖြေမျိုး မရှိပါ ။ ထို့ကြောင့်
ကျွန်တော့်ကို ရူးသွားပြီဟု သတ်မှတ်ချင်လျှင်လည်း ဖြစ်ပါသည် ။ ပုထုဇနော
ဥမ္မတကော ဟူသည့် စကားလုံးကြီးကြီးကျယ်ကျယ်များကို မသုံးစွဲချင်၍ ၊
ရိုးရိုးလေးပင် ဟုတ်ကဲ့ ကျွန်တော် ရူးနေပါသည် ဟု ပြန်ဖြေဖြစ်မည်ထင်ပါသည် ။

" ဒီလိုနဲ့ ကျွန်တော်တို့ ကမ္ဘာပေါင်း ဘယ်နှစ်ခုစာ ဝေးခဲ့တာလဲ မခင်မိ "

မခင်မိ နှစ်လိုဖွယ်ရာ ပြုံးပါသည် ။ မခင်မိသည် အဓိပ္ပါယ်အမျိုးမျိုးဖော်ဆောင်သော
အပြုံးပေါင်းများစွာ ပြုံးတတ်သူဖြစ်သည် ။ မခင်မိ၏ အပြုံးထဲတွင် ရင်ခုန်လှိုက်မောခဲ့ဖူးသည် ၊
သာယာတိမ်းမူးခဲ့ဖူးသည် ၊ လွင့်လွဲပူဆွေးခဲ့ဖူးသည် ၊ ထို့ပြင် ပြောပြရန် မစွမ်းနိုင်သော
ခံစားမှုများစွာလည်း ဖြစ်တည်ခဲ့ရဖူးလေသည် ။

" မခင်မိကို ချစ်ရတာ မပင်ပန်းဘူးလား သားဇော် "

" မခင်မိဟာ မီးတောက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်က ပိုးဖလံတစ်ကောင် ၊
ဒါမှမဟုတ် မခင်မိဟာ လောင်ကျွမ်းပြာကျသွားမယ်ဆိုရင်တောင် ကျွန်တော်က
အဲ့သည့်ပြာပုံကိုပဲ ဇွတ်တရွတ်ဝင်တိုးမယ့် ခွေးတစ်ကောင် ဖြစ်လိမ့်မယ် မခင်မိ "

မခင်မိ ပြုံးပါသည် ။ ကျွန်တော့်ကျဆုံးခန်းများတွင် အဓိကဇာတ်ကောင်အဖြစ်
ဝင်ရောက်အသုံးတော်ခံခဲ့သူများထဲတွင် မခင်မိ၏ ပါးချိုင့်ကလေးလည်း
အပါအ၀င်ဖြစ်၏ ။ ထိုအကြောင်းကို ကျွန်တော့်သူငယ်ချင်း ရုပ်သေးက
ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့သေးသည် ။

" သူမရယ်သံမှာကိုက
ကမ္ဘာကြီးသွက်သွက်ခါ .. ဆိုတဲ့
စာလုံးပေါင်း ပါပြီးသား
ဘယ်လောက် ဆိုး ၀ါး လိုက် ပါ သ လဲ
ပါးချိုင့်နက်လေးထဲ ခုန် ခုန် ချ "

ဒီလိုနဲ့ ကျွန်တော်တို့ မိုင်တိုင်ပေါင်းများစွာ ဝေးခဲ့ကြတယ် မခင်မိ ။





( ၄ )

“ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရုံနဲ့
ဘ၀နှစ်ခုဟာ ပေါင်းစည်းပြီးသား ဖြစ်သွားရောလား ..
အဲ့ဒီလို ပညတ်ချက်တွေကို သားဇော် ယုံကြည်လား "

ကျွန်တော် တသမတ်တည်း တွေးခဲ့သော အတွေးအခေါ်များသည်
မခင်မိနှင့် နှိုင်းယှဉ်လိုက်လျှင် အရမ်းကို ရိုးစင်းနေသည်ကို တွေ့ ရသည် ။
မခင်မိက ကျွန်တော့်ဘ၀ကို ယူသွားခဲ့သည် ။ ကျွန်တော်က မခင်မိကို
ကျွန်တော့်ဘ၀အား ထိုးအပ်ပေးလိုက်သည် ။ မေတ္တာဟူသည်
အလျားအနံမရှိ ၊ အသွားအပြန်ရှိသည် ဆိုသော စကားအဟောင်းအနွမ်းကြီးကို
ကျွန်တော် ရဲရဲဝံ့ဝံ့ ဆန့်ကျင်ပစ်လိုက်သည် ။

" ကျွန်တော် မခင်မိကို ဒီနေရာလေးမှာပဲ ဒီလက်ဖက်ရည်တစ်ခွက်နဲ့ပဲ
ဆက်လက် စောင့်မျှော်နေမှာပါ .. မခင်မိအတွက် ကျွန်တော်ဟာ
အရေးပါ အရာရောက်တဲ့လူတစ်ယောက်လို့ အိပ်မက်ထဲမှာပဲဖြစ်ဖြစ်
ထင်ယောင်မိရင် ... "

အထီးကျန်လက်ဖက်ရည်ခွက်ထဲသို့ အကြောင်းမဲ့ ဇွန်းဖြင့် မွှေနေမိသည် ။
ပုံမှန်ထက်ပို၍ကျသော ကျဆိမ့်တစ်ခွက်သည် ကျွန်တော့်အတွက်
ပုံမှန်မဟုတ်သလို ခံစားနေရသည် ။ မခင်မိက ပုံမှန်မဟုတ်တာလား ၊
ကျွန်တော်ကပဲ အများကြီး မျှော်လင့်နေမိတာလား ။ မခင်မိ၏
ဖြစ်စဉ်ထဲတွင် အမှုန်အမွှားလေးတစ်ခုစာလောက်အနေဖြင့်
ပါဝင်ရှင်သန်ခွင့်ရခဲ့လျှင် ... ။

" မခင်မိ ကျွန်တော့်ဆီ ဘယ်တော့ ပြန်လာမလဲလို့
ကျွန်တော် မမေးတော့ဘူး .. မခင်မိ ပေးထားတဲ့
စက္ကူငှက်လေးတွေနဲ့ .. လက်ဖက်ရည်ကျဆိမ့်တစ်ခွက်နဲ့
မျှော်လင့်ချက်မဲ့နေတဲ့ အိပ်မက်အသေတွေနဲ့ ..
ကျွန်တော် ဒီနေရာလေးမှာ ဆက်ရှိနေမှာပါ "

မခင်မိ၏ လက်ထဲတွင် ရစ်ဘီးတစ်လုံးရှိပြီး ၊ ကျွန်တော်က
စွန်တစ်ကောင် ဖြစ်၍နေလေသည် ။ ကျွန်တော် ကြိုးပြတ်ကျသွားသည် ။
ကျွန်တော် ကျိုးပျက်ကျသွားသည် ။ ထို့နောက် ရုပ်သေးရုပ်တစ်ရုပ်
ဖြစ်သွားသည် ။ မင်းသားရုပ်လား ၊ ဗီလိန်ရုပ်လား ၊ ကိုယ့်ကိုယ်ကို
မကွဲပြား ။ သို့သော် သေချာသည်က .. ကျွန်တော်သည် မခင်မိ ကြိုးဆွဲရာ
ကသည့် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်၍နေလေသည် ။

" မျက်နှာဖုံးတွေ ချွတ်လိုက်ပါ မခင်မိ ..
ရက်စက်တဲ့ မျက်နှာနဲ့ပဲ ကျွန်တော့်ကို ကျောခိုင်းထားရစ်ပါ ..
ဟန်ဆောင်အပြုံးတွေ ကျွန်တော် ရွံမုန်းတယ် "

ထိုနေ့သည် မခင်မိကို နောက်ဆုံး တွေ့ လိုက်ရသောနေ့ ဖြစ်၏ ။



ဆူး ခ က် မ င်း

03082011
0910PM

No comments:

Post a Comment